Monday, October 3, 2016







#ငပလီ

ခရီးလမ်းကြောင်း

ရန်ကုန်ကနေ ငပလီကို ကားလမ်းကြောင်းရော လေယာဉ်နဲ့ပါ သွားလို့ရပါတယ်။ ကားလမ်းကလဲ လမ်းကောင်းပါတယ်။ ပုံမှန် express ကားခ 12,000 ၀န်းကျင်လောက်ရှိပါတယ်။ (ကိုယ်ကတော့ ကားလမ်းကမသွားဖူးတော့ ဒီလောက်ပဲ သိပါတယ်)။ 
လေယာဉ်နဲ့သွားရင် သံတွဲလေဆိပ်မှာ ဆင်းရမှာဖြစ်ပြီး သံတွဲမြို့နားမှာရှိတဲ့ ငပလီကမ်းခြေကိုရောက်ရှိမှာပါ။ လေယဉ်နဲ့သွားရင်တော့ ရိုးမတောင်ကျောကြီးကနေ ဗြုန်းဆို တွေ့ရတဲ့ ပင်လယ်အကြီးကြီးကို ရင်သပ်ရှုမော ခံစားရမှာပါ။ လေယဉ်ကွင်းကိုဆင်းတဲ့အချိန်ကျရင် ပင်လယ်ထဲထိုးဆင်းသွားသလို အတွေ့အကြုံမျိုးနဲ့ သဘောကျစရာကြီးပါ။
တည်းခိုဖို့

ငပလီသွားမယ်ဆိုတော့ ဟိုတယ်ကပထမဆုံး ရွေးရမှာပါ။ အဲ့ဒီမှာဟိုတယ်တွေလဲ အများကြီးရှိပါတယ်။ အဲ့ထဲကနေ High rate, Medium Rate, Budget rate ဆိုပြီးအပိုင်း(၃)ပိုင်း ခွဲပြီး ပြောပြပေးသွားပါ့မယ်။ ကမ်းစပ်အရှည်ကြီးမှာ High rate ကတောင်ဘက်မှာ Medium Rate ကမြောက်ဘက်မှာ Budget rate က သူတို့(၂)ခုရဲ့ အလည်လိုနေရာမျိုးမှာ ရှိနေပါတယ်။

High rate
High rate ဆိုတဲ့အတိုင်းဈေးအကြီးဆုံးပါပဲ။ တစ်ညကို ဒေါ်လာ (၃၀၀)ကနေ (၅၀၀-၆၀၀)လောက်အထိရှိပါတယ်။ အဲ့ထဲက နာမည်ကြီးဟိုတယ်တွေကတော့ Amara Ocean Resort, Jade Marina, Ngapali Bay hotel စတာတွေပေါ့။ အဲ့ဒါတွေအပြင် အများကြီးလဲ ကျန်ပါသေးတယ်။ ကိုယ်ကတော့ ဒီတစ်ခေါက် Amara Ocean Resort မှာတည်းခဲ့တဲ့အတွက် အဲ့ဒီအဟော်တယ်အကြောင်းပဲ အသေးစိတ်လေးပြောပြပေးပါ့မယ်။
Amara Ocean Resort က သံတွဲမြို့နားက မြပြင် ဂျိတ္တော ဟိုတယ်ဇုန်ထဲမှာ မဟုတ်ပဲ လေယာဉ်ကွင်းရဲ့ ဘယ်လက်အခြမ်း ဂေါ့ရွာမှာရှိပါတယ်။ အဲ့ဒီဘက်မှာ Amara Ocean ဟိုတယ်တစ်ခုပဲရှိပါတယ်။ တစ်ညတည်းခိုခကတော့ ပုံမှန်အချိန်ဆို ဒေါ်လာ (350) ၀န်းကျင် ကျသင့်မှာဖြစ်ပြီး Tour season ဆိုရင်တော့ (500-600)လောက်အထိ ဈေးရှိပါတယ်။ နိုင်ငံခြားသားတွေရာ ပြည်တွင်းကပါ လာတည်းကြပါတယ်။ ဘန်ဂလို ပုံစံလေးတွေနဲ့ပါပဲ။ ဟိုတယ်အပြင်အဆင်နဲ့ service ကတော့ ပြောစရာကို မလိုပါဘူး။
သူရဲ့အားသာချက်တစ်ခုက ပင်လယ်ကြီးက ကိုယ်ပိုင်တဲ့ပင်လယ်ကြီးလို့ ခံစားရမှာပါ။ (တခြား ဘယ်သူမှ မှမရှိတာ ဒါပေမယ့် လုံခြုံရေးတွေတော့ အမြဲရှိပါတယ်) ပြီးတော့ ဒီဘက်မှာ လူနည်းတာက တစ်ကြောင်း ဟိုဘက်ထက် သဲဖြူတာတစ်ကြောင်းဆိုတော့ ရေကတော့ တော်တော်ကြည်ပြီး လှိုင်းလဲကြီးတတ်ပါတယ်။ ဟိုတယ်မှာကတော့ မနက်စာပါပြီး ကျန်တဲ့ အချိန်တွေကျ ဟိုတယ်ကနေပဲ မှာစားလို့ ရပါတယ်..ဒါပေမယ့် အဲ့ဒီရွာဘက်မှာ စားသောက်ဆိုင်တို့ ဘာတို့ ဘာမှမရှိတဲ့အတွက် အပြင်စာ စားချင်ရင် သံတွဲမြို့ဘက်ကိုတော့ သွားရပါလိမ့်မယ်။ လမ်းကောင်းတဲ့အချိန်ကျ ဟိုတယ်ကနေ ကားနဲ့သွားရင် (၅)မိနစ်လောက်ဆိုရောက်ပါတယ်။ တကယ့်ကို နားချင်ပြီး သီးသီးသန့်သန့် တိတ်တဆိတ်နေရတာ ကြိုက်တဲ့သူတွေအတွက်ကတော့ Amara Ocean ကအဆင်ပြေမယ်လို့ ထင်ပါတယ်။

Medium Rate
Medium Rate ဟိုတယ်တွေကတော့ သံတွဲလေဆိပ် ညာဘက်ခြမ်းက မြပြင်ဂျိတ္တော ဟိုတယ်ဇုံမှာရှိပါတယ်။ အဲ့ကဟိုတယ်လေးတွေလဲ နေလို့ကောင်းပါတယ်။ စားသောက်ဆိုင်တို့ လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်တို့နဲ့လည်း နီးပြီး မြပြင်ရပ်ကွက်လို့ခေါ်တဲ့ စားသောက်တန်းက အဲ့ဒီဘက်နားမှာရှိတော့ ပင်လယ်စာစားချင်တဲ့ သူတွေအဖို့ တော်တော်အဆင်ပြေပါတယ်။ Thande Beach hotel, Amata hotel နဲ့ကျန်တဲ့ ဟိုတယ်တော်တော်များများလည်းရှိပါတယ်။ Thande Beach hotel မှာတော့ တစ်ခန်းကို (165)ဒေါ်လာလောက် ကျတယ်လို့ပြောပါတယ်။ Tour Season ဆိုရင်တော့ (265) လောက်ရှိပါတယ်။ အဲ့ဒီဟိုတယ်ကိုသွားခဲ့တော့ သူ့အပြင်အဆင်လေးတွေ ဓါတ်ပုံရိုက်ပေးခဲ့ပါတယ်။
Amata တို့လဲကောင်းပါတယ်။ သူလဲ (200)ကျော်ကျော်လောက်တော့ရှိပါတယ်။ Tour company အများစုလည်း အဲ့ဒီမှာတည်းကြပြီး အဆင်ပြေတယ်လို့ ပြောကြပါတယ်။ အဲ့ဒီနားကပဲ မိုမန်တိုဟော်တယ်တို့ လင်းသာဦး ဟိုတယ်တို့ဆိုလဲ တစ်ခန်းကို (50-60) လောက်ပါပဲ။ လူကတော့ အများကြီးမဟုတ်တောင် ကမ်းခြေမှာ ရှိနေပါပြီ။ ကမ်းခြေမှာ စားသောက်ဆိုင်လေးတွေ လက်ဆောင်ပစ္စည်းဆိုင်လေးတွေနဲ့ နည်းနည်းတော့ စည်ပါတယ်။
Budget rate
ပိုက်ဆံချွေတာချင်ပြီး လူအများကြီးနဲ့ ပျော်တတ်တဲ့သူတွေအတွက် သိပ်ကောင်းတဲ့နေရာလေးပါပဲ။ အဲ့ဒီဘက်မှာဟိုတယ်တွေတော့ သိပ်မတွေ့ခဲ့ရပါဘူး (ကိုယ်မသိတာလဲ ဖြစ်နိုင်ပါတယ်) ။ ရွာထဲက အိမ်လေးတွေနဲ့ တစ်နိုင်တစ်ပိုင်ဆောက်ထားတဲ့ တည်းခိုခန်းလေးတွေ အများကြီးရှိပါတယ်။ သူက သံတွဲမြို့ ကိုကွေ့တဲ့ လမ်းလေးဆုံမီးပွိုင့်နားကနေ ၀င်ရပါတယ်။ ရိုးရိုးတည်းခိုခန်းတို့ဆို ကျပ်(5000-10000)လောက်ကနေ အအေးခန်းတည်းခိုခန်းတို့ဆို (20000-35000) လောက်အထိဈေးရှိပါတယ်။ လူကနည်းနည်း များတော့ ရေကဟိုဘက်တွေလောက် သိပ်မကြည့်သည့်တိုင် ကြည်တော့ကြည်ပါတယ်။ ကမ်းစပ်က ပေါ့ပေါ့ပါးပါး စားသောက်ဆိုင်လေးတွေ တော်တော်များများရှိပါတယ်။ သူ့အားသာချက်က အဲ့ဒီဘက်အပိုင်းမှာ ငပလီရဲ့ မူလလက်ဟောင်း ရေသူမ ရှိလို့ပါပဲ။ ပြီးတော့ အဲ့ဒီနားမှာ တည်းတဲ့ သူတွေအဖို့ ရွာထဲက မြန်မာထမင်းဆိုင်ကောင်းကောင်းတွေ ရှိပါတယ်။အဖွားစော, မွန်မလေး, ဦးသက်နိုင်, ထမင်းဆိုင်တွေက ဈေးသက်သာပြီး စားကောင်းတယ်လို့ပြောပြပါတယ်။

စားစရာသောက်စရာ

ဟိုတယ်တွေ စုံသွားပြီဆိုတော့ စားစရာတွေ ရောက်လာပါပြီ။
မြပြင်ရပ်ကွက်က စားသောက်ဆိုင်လေးတွေအပြင် နွေဦးလှိုင်(မင်းသူ) စားသောက်ဆိုင်, Best friend, Green Umbrella, Excellent , ငပလီ kitchen တို့အပြင်တခြား စားကောင်းတဲ့ ဆိုင်တွေအများကြီးရှိပါသေးတယ်။ စားသောက်ဆိုင်အများစုက Medium Rate ပိုင်းဘက်မှာပိုများပါတယ်။ အဲ့ထဲကမှ ငပလီမြို့ရဲ့ မူလလက်ဟောင်း နွေဦးလှိုင်(မင်းသူ)ဆိုင်မှာ သွားစားခဲ့ပါသေးတယ်။ သူက 1996 ခုနှစ်ကနေစဖွင့်တာ အခုဆို နှစ်(၂၀)ကျော်သွားပါပြီ။ ပင်လယ်စာ စစ်စစ်ကို သန့်သန့်ရှင်းရှင်းချက်ပေးပြီး သိပ်အရသာရှိပါတယ်။ အဲ့.. ဒါပေမယ့် သူ့ဆိုင်က နည်းနည်းကျဉ်းပါတယ်။ နိုင်ငံခြားသားတွေလဲ ကြိုက်ကြပြီး ညနေစာ နေ့လည်စာ စားဖို့အတွက်တောင် အစောတည်းက ဘိုကင်ယူရပါတယ်။ တစ်ချို့ဆိုင်မှာ ဘိုကင်မရတဲ့သူတွေကျ ဟိုတယ်ကိုမှာစားကြပါတယ်။ လာပို့ပေးပါတယ်တဲ့။

လည်ပတ်ဖို့
စားဖို့သောက်ဖို့အပြင် တခြားလည်စရာတွေလဲ ရှိပါသေးတယ်။ သံတွဲမြို့က နံတော် တောင်နဲ့ သံတွဲဈေးကြီးပါပဲ။ နံတော်တောင်ကို သံတွဲလေဆိပ် (ငပလီ ကမ်းခြေ) ကနေဆို နာရီဝက်နီးပါးလောက် ကားမောင်းရမှာ ဖြစ်ပြီး မနက်စောစော နေထွက်တာကို သွားကြည့်လို့ရပြီး သံတွဲမြို့ကို တွေးမထင်ထားတဲ့ ပုံစံအသစ်တစ်ခုနဲ့တွေ့ရမှာပါ။ ပြီးတော့ အဲ့ဒီမှာ သံတွဲမြို့ရဲ့ အကြီးဆုံးလျောင်းတော်မူ ဘုရားကြီးရှိပြီး ဆုတောင်းပြည့် ရွှေနံတော် စေတီတော် ရှိပါတယ်။ (ဟိုးအရင်ကတော့ ရာထူးကြီးကြီးပိုင်းတွေတောင် လာပြီးဖူးကြ ဆုတောင်းကြတယ်ပြောပါတယ်)။ အဲ့ကနေ အပြန်ကျ သံတွဲဈေးဝင်ပြီး အိမ်ပြန်လက်ဆောင် ငါးပိ ငါးခြောက်လေးဝယ်ပေါ့။
ငပလီကမ်းခြေဘက်မှာ တခြားလည်စရာတွေလည်းရှိပါတယ်။ ပုလဲတွေမွေးတဲ့ ပုလဲကျွန်းတို့ ဂေါ့ကျွန်းတို့ဆို သိပ်လှပါတယ်။ ရေတွေက ကြည်တောက်နေပြီး ရေငုပ်ရေအောက်ထဲက အလှအပတွေ ခံစားလို့ရပါသေးတယ်။ ကိုယ်ကတော့ ဒီတခေါက်အချိန်မရလို့ အဲ့ဒီကျွန်းတွေဘက် မသွားခဲ့ရပါဘူး။

အိမ်ပြန်လက်ဆောင်

ဟိုတယ်ဇုံသွားနဲ့ လမ်းမကြီးမှာလဲ အမှတ်တရပစ္စည်းအရောင်းဆိုင်လေးတွေရှိပါတယ်။ ခရုကမာတို့ ငါးပိငါးခြောက်တို့ အကျီလေးတွေပေါ့လေ။ Medium Rate ဘက်နားမှာတော့ ကမ်းခြေမှာ ဒီတိုင်းခင်းပြီးရောင်းနေတဲ့ ဆိုင်အသေးလေးတွေရှိပါတယ်။ အဲ့ဒီမှာ ပုလဲနဲ့လုပ်ထားတဲ့ လက်ဝတ်ရတနာလေးတွေ ရောင်းပါတယ်။ တခါခါကျ Amara ocean နားမှာလည်း ရှိတတ်ပါတယ်။ အဲ့ဒီက ပုလဲလေးတွေက စစ်ပါတယ်။ ဈေးလဲတော်တော်တန်ပါတယ်။ လှလဲလှပါတယ်။ ပုလဲ စစ် မစစ် နည်းလေး ကြားဖြတ်ပြောပါ့မယ်။ ပုလဲလေးတွေကို သွားနဲ့ကိုက်တဲ့အခါ ကျလိ ကျလိ ဆိုပြီး သဲပုံစံလေး ဖြစ်နေရင် အစစ်လို့တော့ ပြောကြပါတယ်။ ကိုက်လိုက်လို့ လုံးချောချောကြီးဖြစ်နေရင် ပလက်စတစ်တဲ့။ သိတဲ့သူများလည်း သိပြီးသားဖြစ်မှာပေါ့လေ။

င ပ လီ ရှိ ဟိုတယ် ဖုန်းနံပတ်များ


(1)Amata Hotel - 043 42177
(2)Amazing Hotel - 043 42011
(3)Aureum Palace Hotel -043 42360
(4)Bay View Hotel - 043 42299
(5)Diamond Hotel - 043 42089
(6)Hotel Ace - 043 42070
(7)Hotel At The Rock - 043 42052
(8)Hilton Hotel -043 42130
(9)Jade Marina Hotel- 043 4243
(10) Lintharoo Lodge -043 42426
(11)Memento Resort - 043 42023
(12) Merciel Hotel - 043 42281
(13)Ngapali Bay Hotel -043 42302
(14)Pleasant View Resort -043 42224
(15)River Top Hotel - 043 42061
(16)Royal Beach Motel - 043 42411
(17) Sandoway Resort - 043 42233
(18)Silver Beach Hotel - 043 42266
(19)Thande Beach Hotel -043 42278
(20) Yoma Cherry Lodge -043 42339
(21) Laguna Lodge - 043 42312

No comments:

Post a Comment