Friday, August 12, 2016














လူတိုင်းက ကျန်းမာရေးကောင်းဖို့ အဓိကကျတယ်၊ ကျန်းမာရေးက လာဘ်ကြီးတစ်ပါးလို့ ခံယူထားကြတာပါ။ တကယ်လည်း မကျန်းမာတဲ့အချိန်မှာ ဒါက သိပ်မှန်ပါလားလို့ ပိုပြီးလက်ခံကြပါတယ်။ ကျန်းမာမှသာ လုပ်စရာတွေလုပ်ဖို့ အဆင်ပြေ တာကိုး။ ကျန်းမာချင်ကြပေမယ့် ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အမူအကျင့်တွေ ဘယ်လောက်လုပ်ကြသလဲ၊ ဘာတွေလိုက်နာသလဲ ဆိုရင်တော့ လူအများစုက ဂရုတောင်မပြုမိကြတာ တွေ့ရမှာပါ။ သာမန်လူတွေနဲ့မတူတဲ့ ကျန်းမာရေးအလွန်ကောင်းသူတွေရဲ့ အကျင့်ကောင်းတချို့ကို ပြောပြဝေမျှပေးချင်မိပါရဲ့ ။

နံနက်စာ

မနက်အိပ်ယာထမှာ စားကြတဲ့ ဘရိတ်ဖတ်စ် ကို ပြောတာပါ။ ဒီအလေ့အကျင့်က ဇီဝဖြစ်ပျက်မှု တစ်နေ့တာအတွက် အရေးပါသလို နောက်ပိုင်းစားတဲ့ အချိန်တွေ မှာ အရမ်းကာရောမစားဖြစ်အောင် ထိန်းပေးပါတယ်။ သုတေသနပြုထားတာတွေက အသေအချာပြောတာကတော့ နံနက်စာကောင်းကောင်းစားတဲ့ လူကြီးတွေက အလုပ်ခွင်မှာ ပိုကောင်းမွန်အောင်စွမ်းဆောင်နိုင်သလို ကလေးတွေကလည်း ကျောင်းမှာ သင်ယူမှုပိုသာတာ တွေ့ရပါသတဲ့။ ဗိုက်ပြည့်အောင်စားဖို့ အခြေ အနေမပေးရင်တောင်မှ သီးနှံလေးနည်းနည်းဖြစ်စေ၊ မုန့်လေး တစ်ခုတစ်လေ ဖြစ်စေ စားဖို့ တိုက်တွန်းပါတယ်။ နံနက်စာ လုံးဝမစားတာက မကောင်းတဲ့ အကျင့်လို့ဆိုပါတယ်။
အစီအစဉ်နဲ့ စား
အစားအသောက်ကိစ္စကို စီစဉ်တကျလေးလုပ်နိုင်ရင် ကျန်းမာရေးကောင်း၊ အချိန်သက်သာ၊ ငွေသက်သာ ဖြစ်စေပါတယ်။ ကိုယ်စားချင်တာလေးတွေရယ်၊ သင့်လျော်မယ့် အတွဲအစပ်လေးရယ်အတွက် စဉ်းစားရတာက အချိန်မကုန် လှပါဘူး။ ကိုယ်က ဝိတ်ကျချင်တာလား၊ ကစီဓာတ်နဲ့ သကြားတွေ၊ အဆီတွေ လျှော့ချင်တာလား၊ အသားနဲ့ ဗီတာမင်တွေပိုစားချင်တာလား စတဲ့ ရည် မှန်းချက်လေးတွေပါရှိရင် ပိုကောင်းတာပေါ့။ ဘယ်အချိန်မှာ ဘာစားတာ ကောင်းမလဲဆိုတာလည်း သိလာမှာပါ။ မလိုအပ်ပဲ စားနေမိတာတွေလည်း ရှောင်နိုင်လာမှာပါ။
ရေများများသောက်

ရေများများသောက်တဲ့ အလေ့ကလည်း ကောင်းကျိုးတွေအများကြီးရစေပါတယ်။ ရေဓာတ်လုံလောက်နေတာက တစ်နေ့တာ လှုပ်ရှားမှုတွေအတွက် ထိပ်ဆုံး လိုအပ်ချက်တွေထဲက တစ်ခုပါ။ ဒါတင်မက ဝိတ်လျှော့ဖို့လည်း အထောက်အပံ့ ဖြစ်စေပါတယ်။ တခြားအချိုရည်လိုမျိုးတွေက အဝလွန်တာ၊ ဆီးချိုသွေးချို ပိုဆိုးစေတာ ဖြစ်တတ်တာမို့ ရေကိုသာ များများသောက်တဲ့အကျင့်က အရေးပါ လှပါတယ်။တချို့ကျတော့လည်း ရေချည်းသက်သက် သောက်ရတာကို ဘဝင်မကျလှပါဘူး။ ဒါကလည်း လွယ်ပါတယ်။ ရေထဲမှာ လိမ္မော်သီး၊ သံပုရာသီး၊ သခွားသီး၊ ဖရဲသီး စတဲ့ သီးနှံလေးတွေ တစ်မျိုးမျိုး အစိတ်လေးတွေ လှီးထည့် ပြီး သောက်သုံးတာကလည်း ကျန်းမာရေးအတွက် အများကြီး ထောက်ကူသလို အနံ့အရသာလည်း ရှိတာပေါ့။

လှုပ်လှုပ်ရှားရှား
အလုပ်တွေကုန်းရုန်းလုပ်နေရာက ခဏနားဖို့ ကော်ဖီခွက်လေး လှမ်းကိုင်မယ့် အစား ထရပ်ပြီး လှုပ်ရှားမှုလေး တစ်ခုလောက်လုပ်လိုက်ပါ။ အသက်ပြင်းပြင်း ရှုသွင်းထုတ်လုပ်တာ၊ အကြောတွေ ဆန့်  လိုက်တာ စတာမျိုးတွေပေါ့။ ဒါက လူရောစိတ်ပါ သက်သာစေတဲ့နည်းပါပဲ။ တစ်နေ့ နာရီဝက်လောက် တစ်ပတ်မှာ ၅ ရက်လောက် လမ်းလျှောက်ဖို့ အချိန်ပေးတာလည်း ကောင်းတာပါပဲ။ နာရီဝက်လောက် တစ်ချိန်တည်းမလုပ်နိုင်လည်း နည်းနည်းချင်း ခဏခဏ လုပ်ပေးလို့ ရပါတယ်။

လိုင်းပေါ်မှာချည်း မနေနဲ့
အင်တာနက် ဆိုတာကြီးကနေ လူတွေကျန်းမာရေးထိခိုက်စရာတွေ ဖြစ်လာကြ ပြန်ပါတယ်။ အထိုင်များတာကိုး။ စာတွေစစ်၊ ဖေ့စ်ဘုတ်ပေါ် အပျင်းဖြေ ဆို တာတွေပေါ့။ တချို့ကိစ္စတွေကတော့ လိုအပ်ပါတယ်။ မိသားစုနဲ့ပတ်သက်တဲ့ အခြေအနေ၊ အရေးကြီးတဲ့အလုပ်အကိုင်၊ လူမှုရေးတွေမျိုးအတွက် ခဏ တဖြုတ်အချိန်ပေးရမှာပေါ့။ အလကားနေ ကိုယ့်ပုံကိုယ် အလှရိုက်တင်တာတွေ၊ အစားအသောက်ပုံတွေအတွက်တော့ အချိန်ကုန်သိပ်မခံသင့်ဘူးပေါ့။ အချိန် သတ်မှတ်ချက်ကလေးနဲ့ ဝင်ကြည့်ပြီးရင် ပိတ်ထားလိုက်တာမျိုး လေ့ကျင့်ပါ။ တခြားအလုပ်တွေဖက် ခြေဦးလှည့်ပါ။ လမ်းလျှောက်၊ စာဖတ်၊ မီးဖိုချောင်ဝင် တစ်ခုခုပေါ့။

အသစ်အဆန်းတစ်ခုခု လေ့လာ
ကျွမ်းကျင်မှုတစ်ခုခု သင်ယူတာက ဦးနှောက်ကို နုပျိုစေပါတယ်။ စာရေးတာ ဖြစ်စေ၊ အကသင်တန်း တက်တာဖြစ်စေ ၊ ဘာသာစကား တစ်ခုသင်ယူတာ ဖြစ်စေပေါ့။ ဦးနှောက်ဥာဏ်သုံးရတာလေးတွေ သင်ယူတာက အိုမင်းရင့်ရော်တဲ့ ဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ ဒါတင်ဘယ်ကပါ့မလဲ။ အသက်ကြီးလာရင် အယ်လ်ဇိုင်းမားလို သူငယ်ပြန် မေ့လျော့ရောဂါတွေ မဖြစ်အောင်လည်း ကာ ကွယ်ပေးနိုင်ပါတယ်။

ဆေးလိပ်မသောက်နဲ့ 
သောက်နေရင်လည်း ဖြတ်လိုက်ပါ။ ဒါက ကျန်းမာရေးအတွက် သိပ်ကြီးမားတဲ့ ဆုံးဖြတ်ချက်ပါ။ ကိုယ်တွင်းက ချို့ယွင်းချက်တွေကို အမြန်ပြန်ပြုပြင် သွား နိုင်ပါတယ်။ သင်သောက်နေတဲ့ နောက်ဆုံးစီးကရက်ဖြတ်ပြီး မိနစ် ၂၀ လောက်အကြာမှာ သင့်ရဲ့နှလုံးခုန်နှုန်းနဲ့ သွေးတိုးတွေ ကျလာတာတွေ့ ရမှာပါ။ ဘာကြောင့်အကျင့်ဆိုးကို အစလုပ်မလဲ၊ မွေးမြူထားမလဲ။

အထက်က အကျင့် ကောင်းလေးတွေ ကြိုးစားကြည့် ပါ။
သက်ရှည်ကျန်းမာ စာရင်းဝင်ပါလိမ့် မယ်။ ။






Facebook အရမ်း မသုံးပါနဲ့ 

No comments:

Post a Comment