Friday, August 19, 2016


 နားကျပ် သုံးစွဲခြင်း၏ ဘေးထွက် ဆိုးကျိုးများ
























ကားမောင်းရင်း ဖုန်းပြောတဲ့အခါ ဖြစ်စေ၊ သီချင်းနားထောင်တဲ့အခါ ဖြစ်စေ၊ တီဗွီကြည့်တဲ့အခါ ဖြစ်စေ၊ ကွန်ပျူတာ အင်တာနက်လိုင်း သုံး၍ စကားပြောတဲ့အခါ ဖြစ်စေ၊ ကွန်ပျူတာဂိမ်းဆော့တဲ့အခါ ဖြစ်စေ
မိမိကြောင့် ဘေးပတ်ဝန်းကျင်ကို အသံဖြင့် နှောင့်ယှက်မှု မရှိစေဘဲ တစ်သီးပုဂ္ဂလ ကြည်လင် ရှင်းလင်းစွာ နားသောတ ဆင်နိုင်ရန် အတွက် နားကျပ်လေးတွေက လွန်စွာ အသုံးတည့်လှ ပါတယ်။ သို့သော် ထိုနားကျပ်တွေကပဲ နားကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုး များစွာ ဖြစ်စေနိုင်ကြောင်းကို သိထားဖို့ လိုပါတယ်။

(၁) အကြားအာရုံ ချို့ယွင်းခြင်း

ယနေ့ ကမ္ဘာပေါ်၌ အကြားအာရုံ ချို့ယွင်းကြသူ အများစုမှာ ဆယ်ကျော်သက် အရွယ်များ ဖြစ်ကြပြီး ၎င်းတို့သည် အသက် ၁ဝ နှစ်အရွယ် မတိုင်မီ ကတည်းကစ၍ အသံနှုန်းမြှင့်ကာ နားကျပ်ဖြင့် သီချင်း ကျယ်ကျယ် နားထောင်လေ့ ရှိကြကြောင်း၊ ထိုသို့ ကာလတာရှည်စွာ နားထောင်ခြင်းက လုံးဝ နားကန်းသွား နိုင်ကြောင်း၊ တချို့လည်း ယာယီ နားပင်းသွားတာမျိုးတွေ ရှိကြောင်း ဘော့စတွန်ရှိ ကလေးဆေးရုံမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ Dr. Brian Fligor က ဆိုပါတယ်။ အမေရိကန်နိုင်ငံသား အကြားအာရုံ ဆုံးရှုံးသွားတဲ့ ဆယ်ကျော်သက် အရေအတွက်မှာ ၁၉၉၄ ခုနှစ်က ၃ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂ဝဝ၆ ခုနှစ် အတွင်းမှာတော့ ၅ ဒသမ ၃ ရာခိုင်နှုန်းသို့ မြင့်တက်သွားကြောင်း၊ ပျမ်းမျှ အသက် ၁၂ နှစ်နှင့် ၃၅ နှစ်ကြား လူပေါင်း ၄၃ သန်းမှာ အကြားအာရုံ ဆုံးရှုံးသွားပြီး ယင်း အရေအတွက်မှာ ပို၍ တိုးလာနေပြီ ဖြစ်ကြောင်း၊ ချမ်းသာသော သို့မဟုတ် ဝင်ငွေ အလယ်အလတ်ရှိသော နိုင်ငံများမှ လူ ထက်ဝက်ခန့်မှာ တစ်ကိုယ်ရေသုံး သီချင်းဖွင့်စက်များမှ ဘေးမကင်းသော အသံမြင့်နှုန်းများဖြင့် ထိတွေ့နေကြပြီး ထို အတောအတွင်း ၄ဝ ရာခိုင်နှုန်းမှာ ကလပ်များနဲ့ အရက်ဆိုင်များမှ ထိခိုက်ပျက်စီး စေနိုင်သော အသံအမြင့် မျိုးဖြင့် ထိတွေ့နေရကြောင်းကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန် ကြေညာထားတယ်လို့ ၂ဝ၁၅ ခုနှစ် နှစ်ဦးပိုင်းတွင် BBC သတင်းမှာ ဖော်ပြထားပါတယ်။

(၂) Decibel Ranges (ခေါ်) အသံ ပါဝါယူနစ်များ

အသံပါဝါ ယူနစ်ဆိုတာ အသံ အတိုးအကျယ်ကို တိုင်းတာနှုန်းထား ဖြစ်ပါတယ်။ နားကျပ်မှ အသံပါဝါ ယူနစ်ကို ၈၅ dB (Decibel) အထိ ထား၍ တစ်နေ့ကို ရှစ်နာရီကြာ သီချင်း နားထောင်တဲ့အခါ ယာယီ နားကန်း သွားစေနိုင်ပါတယ်။ ထိုနည်းတူ အသံပါဝါယူနစ်ကို ၈၈ dB အထိထား၍ လေးနာရီ ကြာမျှ သီချင်း နားထောင်တဲ့ အခါမှာလည်း ယာယီ နားကန်း သွားစေပါတယ်။ အကယ်၍ MP3 ဖွင့်စက်ကို အမြင့်ဆုံး အသံဖြစ်သည့် ၁၀၅ dB ထား၍ နားထောင်ပါက လေးမိနစ်မျှ အထိသာ နားထောင်သင့်ပြီး ထို့ထက် အချိန်ပို၍ သီချင်းနားထောင်ခဲ့မယ် ဆိုရင်တော့ ၁၅ မိနစ် အချိန်တွင်းမှာပင် နားလုံးဝ ကန်းသွားနိုင်ပါတယ်။

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ လေ့လာမှု စစ်တမ်းများအရ ဆူညံသံကို နားထောင် လက်ခံသင့်သော စာရင်းများကို ယခုလို ထုတ်ပြန် ထားပါတယ်။ (က)ကား တစ်စီးထဲတွင် ဆူညံသံ အဆင့် ၈၅ dB ကို ရှစ်နာရီ အထိသာ နားဆင် သင့်ပါတယ်။ (ခ) မြက်ရိတ်စက် တစ်လုံး၏ ဆူညံသံ ၉ဝ dB ကို နာရီဝက် အထိသာ အများဆုံး သည်းခံ သင့်ပါတယ်။ (ဂ) မော်တော်ဆိုင်ကယ် တစ်စီး၏ ပျမ်းမျှ ဆူညံသံ ၉၅ dB ကို ၄၇ မိနစ်၊ ကား သို့မဟုတ် မြေအောက်ရထား ဟွန်းသံ၏ ဆူညံသံ ၁ဝဝ dB ကို ၁၅ မိနစ် အထိသာ နားထောင် သင့်ပါတယ်။ (ဃ) ရော့ခ်ဂီတ ဖျော်ဖြေပွဲ တစ်ခု၏ ဆူညံသံ ၁၁၅ dB ကို ၂၈ စက္ကန့်အထိသာ နားထောင် သင့်ပါတယ်။

(၃)နားထဲသို့ ပိုးဝင်သွားခြင်း

ဥပမာ-အင်တာနက် ဂိမ်းဆိုင်တွေမှာ နားကျပ်ကို မပျက်စီးသမျှ ကာလပတ်လုံး အသစ်လဲလှယ်ခြင်း မရှိ လူတကာ သုံးထားတာကြောင့် ဗက်တီးရီးယား ပိုးမွှားတွေကို တစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်း သယ်ဆောင်သွားကြပြီး နားထဲ ပိုးဝင်တတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် မိမိ ကိုယ်ပိုင်နားကျပ် သီးသန့် ထား၍ သုံးပါ။ ခေတ္တ ငှားရမ်းသုံးစွဲခြင်း မပြုရ။

(၄) အချိန် အကန့်အသတ် ရှိပါစေ

အလုပ်သဘော အရ မဖြစ်မနေ နားကျပ်တပ်၍ သုံးရတဲ့အခါ နားစည် တုန်ခါမှု မပြင်းထန်စေဖို့ အတွက်

(က) နားကျပ်ကို ဟိုးအတွင်း နားကလိုင်ပေါက်ထဲ အထိ ထိုး၍ မတပ်ပါနှင့်။

(ခ) မိမိ ကြားလောက်ရုံမျှသာ အသံပမာဏကို ချိန်ဆ၍ လျှော့သုံးပါ။

(ဂ) နားကျပ် သုံးစွဲချိန်ကို အချိန် ၁ နာရီပြည့်တိုင်း ငါးမိနစ် ခေတ္တနားပါ။

နားကျန်းမာရေး အသိဖြင့် မိမိဘာသာ ဆင်ခြင်၍ မိမိပတ်ဝန်းကျင် ရှိသူများကိုပါ နားကျပ်ဝတ္ထု ပစ္စည်းလေး တွေကြောင့် အကြားအာရုံ မဆုံးရှုံးကြလေအောင် ကျန်းမာရေး အသိဖြင့် လက်ဆင့်ကမ်း သတင်းမျှဝေ ပေးကြပါလို့ တိုက်တွန်းလိုက် ပါရစေ။ ။

No comments:

Post a Comment