Friday, August 12, 2016

 

 

 

 

 

မုတ်သုန်မိုးစက်ထဲက တိုးထွက်မယ့်ဖက်ရှင်


မိုးစက်မှုန်လေးတွေ တဖြည်းဖြည်းများပြား၊ တဖြည်းဖြည်းသည်းထန်၊ တဖြည်းဖြည်းကြီးပြင်းပြီး တစိမ့်စိမ့်ရွာတဲ့မိုး။ မိုးပေါက်လေးတွေ အော်ဟစ်ပြေးလွား ခပ်များများခပ်မြန်မြန်ရွာတဲ့မိုး။ အသံကျယ်နဲ့ ကြိမ်းဝါး မြေပြင်ကို ဓားနဲ့ခွင်းသလို အငြိုးတကြီးရွာတဲ့မိုး။ ဒီမိုးတွေကို မြင်ရရင် မုတ်သုန်ရင်ခွင်ထဲ ရောက်လာပြီ ဆိုတဲ့သဘောပဲ မဟုတ်လား။ အဲဒီလိုမုတ်သုန်ထဲမှာပေါ့၊ မိုးရွာရင် မိုးရေချိုးချင်တဲ့ အရွယ်ကို ကျော်လွန်လာကြတဲ့ တက္ကသိုလ်ကျောင်းသားတွေ၊ လုပ်ငန်းခွင် ၀င်နေရသူတွေအတွက် လူတွေကြား ကြွားဝင့်နိုင်သလို မိုးလေကြားမှာ လန်းဆန်းကျန်းမာစေမယ့် အသွင်ပြင်ဖြစ်ဖို့ မိုးရာသီဖက်ရှင်က အရေးပါလာခဲ့ပြီ။

မိုးစက်တွေကြောင့်စိုစွတ်ရတဲ့အခါ ရေညှစ်ရင် မြန်မြန်ပြန်ခြောက်တဲ့အ၀တ်စတွေနဲ့ ချုပ်ထားတဲ့ အ၀တ်တွေက အကောင်းဆုံးဖြစ်နေပါလိမ့်မယ်။ ဥပပမာ- ဂျော်ဂျက် လို အသားမျိုးတွေပေါ့။ ချည်သားခပ်ပါးပါးလေးတွေဆိုရင်လည်း လေ၀င်လေထွက်ကောင်းတဲ့အတွက် စိုစွတ်နေတဲ့အရေပြားကို ခပ်မြန်မြန်ခြောက် သွားစေမှာပါ။ မြန်မာ့မိုးရာသီရဲ့ပူအိုက်စိုစွတ်မှုဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အားပေးသလိုဖြစ်နေတာမို့ ဖက်ရှင်ကျမှုမှာ ကျန်းမာရေးအသိလေးစွက်နေရင် လူရောစိတ်ပါ ဖက်ရှင်ကျသွားနိုင်ပါရဲ့။

မိုးရွာချိန် ကိစ္စရှိလို့ အပြင်ထွက်ရတဲ့အခါတိုင်းမှာ ထီးမိုးထားလျက် စွတ်စိုနိုင်တဲ့ ကိုယ်ခန္ဒာအစိတ်အပိုင်းမှာ ခြေထောက်တွေက အသေချာဆုံးမို့ ဘောင်းဘီအရှည်ဝတ်ထားတာမျိုး ဆိုရင် ရေတွေကို ဆွဲညှစ်ဖို့ အဆင်မပြေပြန်ဘူး။ ဒါကြောင့် မိုးရာသီအတွက် ဘောင်းဘီတိုလေးတွေ၊ ဒူးဖုံးကွာတားဘောင်းဘီတွေ၊ သိပ်မတိုလွန်းတဲ့ ဂါဝန်နဲ့ စကတ်လေးတွေက အဆင်ပြေစေမှာပါ။ ယောက်ျားလေးတွေအတွက်လည်း ရှော့ပင်န်လေးတွေက ဖက်ရှင်လည်းကျပြီး လွတ်လပ်ပေါ့ပါးစေလိမ့်မယ်။
မိုးရာသီထဲ လွယ်သွားမယ့် အိတ်တွေကလည်းပလပ်စတစ် အကြည်သားလေးတွေ၊ ရေစိုခံတဲ့မိုးကာသားတွေကို ချုပ်ထားတာမျိုးက အကောင်းဆုံးဖြစ်မယ်ဆိုတာ ငြင်းစရာမလိုတဲ့ အချက်ပါ။ ဖိုသီဖတ်သီလေးတွေ တွဲလောင်းကျနေမယ့် အိတ်ဖက်ရှင်ထက် ရှင်းလင်းသပ်ရပ်ပြီး မိုးစက်မှန်တဲ့အခါ လွယ်လွယ်သုတ်နိုင်ဖို့လည်း လိုပါတယ်။ ပြီးတော့ လွယ်ကြိုးအရှည်ထက် လွယ်ကြိုးတိုတာတွေက အိတ်ကို ကိုယ်နဲ့မကွာကပ်ထားဖို့အဆင်ပြေသလို မိုးသည်းတော့မှ အိတ်ရှည်ကြီးကို ရင်ထွင်ထဲ ကောက်ပွေ့ရမှာထက် ပိုပြီးစမတ်ကျစေမှာပါပဲ။
 နောက်တစ်ခု အရေးကြီးတာက ဆံပင်။ မိုးရာသီမှာ ဆံပင်တွေဟာ အလွယ်တကူ စေးကပ်ထိုင်းမှိုင်း နေတတ်သလို မိုးငွေ့ပါတဲ့လေပြင်းကြောင့် ရှုပ်ထွေးလွယ် တတ်ပြန်တယ်။ ဆံပင်ရှည်တဲ့ မိန်းကလေးတွေအဖို့ ပိုနီတေးစီးတာမျိုး၊ ခပ်မြင့်မြင့် စုထုံးထားတာမျိုး လေးက စတိုင်ကျသပ်ရပ်ပြီး မိုးရာသီအတွက် စမတ်အဖြစ်ဆုံးပါပဲ။ ပြီးတော့ မိုးရာသီမှာ ဦးရေပြားနဲ့ဆံပင်ကို သံလွင်ဆီ၊ ခေါင်းလိမ်းဆီ လိမ်းထားခြင်းက ဦးရေပြားနဲ့ပတ်သက်တဲ့ရောဂါတွေ မဖြစ်စေသလို ဆံပင်သန်စွမ်းဖို့လည်း အထောက်အကူပြုကြောင်း အိန္ဒိယနိုင်ငံက ဖက်ရှင်ဆောင်းပါးတစ်ပုဒ်မှာ ဖတ်လိုက်ရပါတယ်။
ဆံစကနေ ခြေဖျားထိ အရေးပါတဲ့အတွက် အဆင်ပြေဆုံး မိုးတွင်းစီးဖိနပ်တွေ ရွေးချယ်တတ်ဖို့လည်း လိုပါရဲ့။ ငွေကြေးသုံးစွဲနိုင် သူတွေအတွက် Branded မိုးစီး Boots ကလေးတွေ ရွေးဝယ်ပြီး ဖက်ရှင်ကျနိုင်သလို ရေစုပ်ပြီး မခြောက်လွယ်တဲ့ ကတ္တီပါဖိနပ်တွေကို ဖယ်ထားပြီး ပေါ့ပါးတဲ့မိုးစီး Slipper လေးတွေ စီးကြရတော့မှာပါ။ ဖိနပ်ရဲ့အောက်ခံက အလွယ်တကူ မချော်အောင် လုပ်ထားတဲ့ အဖုအထစ်ခပ်များများလေးဖြစ်နေရပါမယ်။ ဖိနောင့်အောက်က ခုံပါးတဲ့ဖိနပ်တွေကြောင့် လမ်းလျှောက်တဲ့အခါ ကိုယ့်ခြေထောက်နောက် ပိုင်းကို ရွံ့စင်နေတတ်တာမို့ ခုံထူတဲ့ဒီဇိုင်းတွေနဲ့ ခြေချင်းဝတ်မှာ သိုင်းကြိုးတစ်ခုနဲ့ သပ်သပ်ထိန်းထားတဲ့ ဖိနပ်ပါးလှ လှလေး တွေကို ရွေးချယ်ဝယ်ယူကြဖို့ လိုပါတယ်။
မိုးရာသီအတွက် ရေစိုခံတဲ့ လက်ပတ်နာရီတွေ၊ ပေါ့ပါး ပြောင်လက်ပြီး ရေထိရုံနဲ့ မပျက်စီးနိုင်တဲ့ ရောင်စုံ Accessories လေးတွေက ဖက်ရှင်ရဲ့သော့ချက်ဖြစ်သလို ပုံဆန်းဆန်းရောင်စုံထီးတွေနဲ့ မိုးကာလှလှလေးတွေက မိုးရာသီမှာသာ အခွင့်အရေးရတဲ့ ဖက်ရှင်ကျခွင့်ပဲလေ။ ပြီးတော့ ရေစိုခံမိတ်ကပ်တွေ အရောင်စိုတောက်နေတဲ့နှုတ်ခမ်းနီတွေဟာ မိုးရဲ့အဆင်တန်ဆာတွေပေါ့။ သိပ်ကို အရေးပါတဲ့ ဖက်ရှင်ကျမှုကို ဆောင်ကြဉ်းနိုင်တာက အပေါ်ထပ်ဂျာကင်အပါးလေးတွေနဲ့ ကုတ်အင်္ကျီအပါးလေးတွေဆိုတာလည်း မမေ့နဲ့ဦးနော်။

No comments:

Post a Comment